ဘ၀အတွက်တဲ့ လမ်းတစ်ခုကို ရွေးချယ်ခဲ့တုန်းက မိခင်ရင်ခွင်ထဲ နောက်ဆုံးအိပ်စက်ခဲ့။ တားလို့မရ မယ်မှန်းသိသိနဲ့ ပဲ မိခင်ဟာ သားကိုချစ်တဲ့ဇောနဲ့ မသွားပါနဲ့ လားသားရယ်လို့ တားခဲ့ရှာတယ်။ အဲလိုနဲ့ သားဟာ မိခင်ရင်ခွင်နဲ့ နေ့ပေါင်းများစွာ နှစ်ပေါင်းများစွာဝေးလို့၊ ပညာစုံတော့ ခဏပြန်လာတယ်။ မိခင်ဟာ သားကို ၀မ်းသာအယ်လဲ ကြိုဆိုခဲ့ရှာတယ်။ သားကို ရင်ခွင်မှာ ပွေ့ဖက်ပြီး မျက်ရည်တွေနဲ့ ပြုံးနေခဲ့တဲ့မိခင်၊ ၀မ်းသာမှုတွေမဆုံးခင်မှာ သားဟာ နောက်တစ်ခါ ခွဲသွားခဲ့ပြန်တယ်။ တာဝန်ထမ်းရဦးမယ် အမေတဲ့။
အဲဒီလိုနဲ့ သားဟာ ဟိုအရင်တစ်ခါထက် ပိုဝေးတဲ့တစ်နေရာ ထွက်ခွါသွားခဲ့ပြန်တယ်။ စာမလာ သတင်းမကြား၊ သားဘယ်လိုနေရှာ မလဲ၊ ဘာတွေများဖြစ်နေရှာသလဲ လူကလေးရယ်နဲ့ မိခင်မှာ ပူရပြန်တယ်။ ဟောနောက်တစ်ခါ သားပြန်လာပြန်ပြီ။ အမေ့သားလေး၊ လူကလေးရယ် နေနိုင်လိုက်တာကွယ်လို့ သားကိုဖက်ဖက်ပြီး မိခင်ဟာ ငိုရပြန်တယ်။ သားလေး ဆိုင်သာဆိုင် မပိုင်တော့တဲ့ အမေ့သားလေးရယ်၊ စားစားသားရယ် အမေနဲ့ ဝေးတဲ့အချိန်မှာ ငါ့သားလေး ကောင်းကောင်းမှ စားရရဲ့ လား၊ ကောင်းကောင်းမှ အိပ်ရရဲ့ လားနဲ့ သားကို မျိုးစုံချက်ကျွေးရင်း ပင်ပန်းရကောင်းမှန်း မသိရှာတဲ့ မိခင်။
ဟော..လာပြန်ပြီ နောက်တစ်ခါ၊ ဒီတစ်ခါ သွားရမှာဖြင့် အရင့်အရင်ထက်ဝေးတဲ့ နေရာ၊ ရေခြားမြေခြား သားသွားရဦးမယ်တဲ့။ သားရေ အမေ့သားလေး ဘယ်တော့များမှ ငါ့သားလေးကို ပြန်လည်နွေးထွေးခွင့် ရပ့ါမလဲ သားရယ်။ မိခင်ဟာ ငိုရပြန်ပြီလေ။
ခုဆိုရင် အမေနဲ့ သား သတင်းစကားလဲ ပါးဘို့မလွယ်၊ စာတစ်တန်ပေတစ်ဖွဲ့လဲ ရေးဖို့မလွယ်။ နိစ္စဓူဝ အလုပ်တွေ လုပ်ကိုင်နေရင်းကပဲ မိခင်ဟာ လွမ်းဆွတ်နေရှာမယ်။ ဟိုရှေ့  လာလမ်းဆီက သားများလာလေမလားလို့ ၊ ယောင်ယမ်းတမ်းတ မိနေရှာမယ်။သားဝတ်ခဲ့တဲ့ အ၀တ်စားဟောင်းလေးတွေကို ထုတ်ထုတ်ကြည့်ပြီး မိခင်ဟာ အလွမ်းဖြေနေရှာမယ်။ သားကလွဲလို့ ဘာမှပါလာဘို့လဲ မမျှော်လင့်ရှာတဲ့ မိခင်။
တစ်နေရာကနေများ သားပြန်လာပြီဆိုမှဖြင့် သားရယ်၊ အသားတွေညိုသွားလိုက်တာ ၀လာလိုက်တာနဲ့ တကယ်တော့ သားကဘာမှ ထူးထူးထွေထွေ ပြောင်းမသွားပါဘူးလေ။ မိခင်စိတ်ကသာ ဖြစ်နေရှာတာပေါ့။ သားကို ရင်ခွင်မှာအပ်၊ ကျောပြင်လေးကိုသပ်ပြီး စကားတွေ ဖောင်ဖွဲ့နေရရင် တစ်ဘ၀စာ ပြည့်စုံပြီလို့ ထင်ရှာတဲ့ မိခင်မျက်ဝန်းမှာ အခုနေခါ အလွမ်းမိုးတွေ ညို့ နေရှာမယ်။ တစ်ခါတစ်ခါ တစ်ယောက်တည်း သားနဲ့စကားတွေ ပြောနေရှာမယ်။ သားအသက် ဘယ်လောက်ကြီးကြီး အမေ့ပေါင်ကို ခေါင်းခုအိပ်လိုက်တဲ့အခါ လူမမည်ကလေး ပြန်ဖြစ်သွားသတဲ့လေ။ ခုနေခါ မိခင်ရဲ့  လက်တွေဟာ သားကို ပွေ့ ဖက်ထားချင်တဲ့ စိတ်နဲ့ တစ်ခုခု လိုနေရှာမယ်။
ခုနေခါ လစ်ဟာနေသော မိခင်ရင်ခွင်မှာ ဘယ်သူခိုဝင်လေမလဲ။ နူးညံ့နွေးထွေးသော လက်တွေမှာ ဘယ်သူပါးအပ်လေမလဲ။ ချိုအေးသော မိခင်ရဲ့ တေးသံတို့ ဘယ်သူနားဆင်လေမလဲ...။ မိခင် မျက်ဝန်းတို့ မျက်ရည်တို့နဲ့ ရွှန်းစိုသောအခါ ဘယ်သူ နှစ်သိမ့်လေမလဲ..။ သားကိုလွမ်းစိတ်နဲ့ အိပ်မပျော်နိုင်သောညများ ဘယ်ခါလွန်မြောက်ရှာလေမလဲ။ အို.... မိခင်။
(မြန်မာပြည်မှာ လွမ်းနေရှာမယ့် အမေ့ကို မြင်ယောင်မိရင်း သတိရ လွမ်းဆွတ်မိလို့ ရေးလိုက်တာပါ။ အမေ့ရဲ့  မေတ္တာကို ပေါ်လွင်အောင် မဖော်ကျူးနိုင်တာကိုဖြင့် နားလည်ပေးကြစေလိုပါတယ်။)
မောင်နွေသစ်...........................................................................................................................................................................